ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

09 JUL

မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစာပေသင် ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်း (၅/၂၀၂၆) ဖွင့်ပွဲအခမ်းအနား ကျင်းပ

  • မြစ်ကြီးနားမြို့
  • 09 July 2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အသစ်ခန့်အပ်မည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်း (၅/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၉)ရက်နေ့ နံနက် (၈)နာရီက  မြစ်ကြီးနားပညာရေးဒီဂရီ ကောလိပ်ကျောင်းရှိ ဉာဏစစ်သည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့နှင့် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှု၊ မိုးကောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇင်မောင်လွင်၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ် တာဝန်ခံ ဦးခင်မောင်ထွန်း၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာမြင့်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်နယ်အတွင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ သင်တန်းအောင်မြင်စွာ ပြီးမြောက်သူများကို မိမိတို့ဒေသရှိ အခြေခံပညာကျောင်းများတွင် Teaching Assistant (TA) နေ့စားလပေး ဆရာ၊ ဆရာမများအဖြစ် ပညာရေးဝန်ကြီးဌာနမှ တရားဝင်ခန့်အပ်ပေးသွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ယနေ့အထိ TA နှင့် LT ဆရာ၊ ဆရာမ စုစုပေါင်း (၁,၁၂၂) ဦးကို တရားဝင်ခန့်အပ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် သင်တန်းသားများအနေဖြင့် မိခင်စာပေသာမက မျိုးဆက်သစ်ကျောင်းသားလူငယ်များကို စေတနာအရင်းခံ၍ စွမ်းစွမ်းတမံ သင်ကြားပြသပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာမြင့်က သင်တန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြပြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်က သင်တန်းတက်ရောက်လျက်ရှိသည့် တိုင်းလိုင်(ရှမ်းနီ) ဆရာ၊ ဆရာမ (၃၁)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ငွေကျပ် ၆,၂၀၀,၀၀၀/-အား ပေးအပ် ချီးမြှင့်ခဲ့သည်။

 

အဆိုပါ ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်း (၅/၂၀၂၆) ကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ ဇူလိုင်လ (၆)ရက်နေ့မှ ဇူလိုင်လ (၃၁)ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၃၁)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။