တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ဆိုက်ဘာ လုံခြုံရေး (Cyber Security) ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်
- နေပြည်တော်
- 09 June 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဆိုက်ဘာလုံခြုံရေး (Cyber Security) ဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်နှင့် တိုင်ရင်းသားလူမျိုုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသော ခေတ်ဖြစ်သည်နှင့်အညီ အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ၏ နေ့စဉ်ဘဝတွင် သတင်းအချက်အလက်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူး များပြားလှသော်လည်း ဆိုက်ဘာလုံခြုံရေးနှင့်ဆက်စပ်သော အခက်အခဲများ၊ မှုခင်းများကို ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံတကာတွင် ဆိုက်ဘာခြိမ်းခြောက် တိုက်ခိုက်မှုများမှ ကာကွယ်ရန်နှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာကျွမ်းကျင်သည့် လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်း၊ ဥပဒေ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင်ရွက်ခြင်းများကို နိုင်ငံအလိုက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံတကာနှင့်ဒေသတွင်း၌ Online Scam များ၊ “ကျားဖြန့်” ကဲ့သို့သော အွန်လိုင်းလိမ်လည်မှုများသည် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်အဖြစ် ပေါ်ပေါက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ဆိုက်ဘာလုံခြုံရေးသည် နည်းပညာဆိုင်ရာ တာဝန်ရှိသူ များသာမက ICT ကို အသုံးပြုနေသော ဝန်ထမ်းများ၊ ပြည်သူများပါ သိရှိလိုက်နာရမည့် အရေးကြီးသောကိစ္စရပ်ဖြစ်သဖြင့် ဆိုက်ဘာလုံခြုံရေးအသိပညာများ တိုးမြှင့်ထားရန်နှင့် နိုင်ငံတော်၏ သတင်းအချက်အလက်လုံခြုံရေးကို ကာကွယ်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီ၏ သတိရှိမှု၊ စည်းကမ်းရှိမှုနှင့် Digital Ethics ရှိမှုများ အထူးလိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ထုတ်ပြန်ထားရှိသည့် ဆိုက်ဘာလုံခြုံရေးဥပဒေများ၊ မူဝါဒ၊ ညွှန်ကြားချက်များနှင့် အစီအမံများကို သိရှိလိုက်နာကျင့်သုံးဆောင်ရွက်ကြရန်နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများကိုလည်း အခြားသူများထံ မျှဝေပေးခြင်းဖြင့် ဆိုက်ဘာလုံခြုံရေး ယဉ်ကျေးမှုတစ်ရပ် ပိုမိုခိုင်မာလာစေပြီး လုံခြုံစိတ်ချရသော ဒီဂျစ်တယ်လူ့အဖွဲ့အစည်းဖြင့် Digital Government တည်ဆောက်ရာတွင် အားလုံးအတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်း အချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်က ဆိုက်ဘာလုံခြုံရေး (Cyber Security) နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားရေးမှူး ဦးကျော်စိုးနိုင်အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။