ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

12 JUN

“တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို မကွေးမြို့နယ်တွင် ကျင်းပပြုလုပ်

  • မကွေးတိုင်းဒေသကြီး
  • 12 June 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသား ရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၂-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာအုပ်စု၊ ဘုရားပြို(မြောက်)ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သဲစုမွန်နှင့်   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနုထွေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး  ဒေါ်မြတ်နိုးဝေ၊  လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားများအား ဥပဒေ/နည်းဥပဒေစာအုပ်များ၊ အမုန်းစကားလက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဘုရားပြိုကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

             ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်း ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။