ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

14 AUG

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

  • ကျိုင်းတုံမြို့
  • 14 August 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ်လ (၁၄) ရက်နေ့ နေ့လယ် ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ စည်ပင်သာယာရေးရုံး အစည်း အဝေးခန်းမ၌ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက် နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား စကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်ရေးသည် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုအသီးသီးတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊  တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု များကို ရှိရင်းစွဲ မူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်း များသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းထားကြရန် အရေးကြီးပါကြောင်း၊ လိုအပ်သည်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာတို့နှင့် ပူးပေါင်းပြီး Documentary များရိုက်ကူးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ခရိုင်ရုံးခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများကို တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း နိုင်ငံတော်က “မူ”အားဖြင့် ခွင့်ပြုပြီးဖြစ်သဖြင့် ခရိုင်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလို ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယင်းနောက် ဂုံရှမ်း၊ ရှမ်းကြီး၊ တိုင်းနေ၊ တိုင်းလိ၊ လွယ်၊ ပလောင်၊ ‘ဝ’၊ လီဆူ၊ အားခေ၊ အာခါ၊ အဲန်၊ ဗမာနှင့် လားဟူ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များက တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း ဖွင့်လှစ်ပေးနိုင်ရေး၊ တိုင်းရင်းသားဒေသများတွင် ရိုးရာပွဲတော်များ ကျင်းပရာ၌ ထောက်ပံ့ငွေ များ ကူညီပံ့ပိုးပေးနိုင်ရေး၊ ဒေသခံတိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုပိုမိုရရှိစေရန်အတွက် ယဉ်ကျေးမှုဖလှယ်နိုင်မည့် အစီအစဉ်များ စီစဉ်ပေးရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် တိုင်းရင်းသားစာယဉ်အဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသား စိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖေါ်ပြထားမှုများကို ပြင်ဆင်ပေး နိုင်ရေး၊ ဝေးလံခေါင်သီသည့် ကျေးရွာများတွင် လမ်း၊ တံတားများ ဖောက်လုပ်ပေးရေးနှင့် ပြင်ဆင်ပေးရေးစသည့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြပါသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ ။