ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

21 MAY

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

  • ရန်ကုန်
  • 21 May 2026

           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ မေလ (၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲ မူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများသတ်မှတ် ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စား ဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များနှင့် ပူးပေါင်းပြီး Documentary များရိုက်ကူးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေး အတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာ မှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းတို့က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း များကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။

          ယင်းနောက် ကချင်၊ ကရင်၊ ဇိုတုန်(ချင်း)၊ ဟွာလ်ငို(ချင်း)၊ မရာ(ချင်း)၊ ဒိုင်(ချင်း)၊ ဗမာ၊ ထားဝယ်၊ မွန်၊ ရခိုင်၊ မြို၊ ခမီ ရှမ်း၊ ပအိုဝ်း၊ တအာင်းနှင့် ကိုးကန့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသား ဘာသာစာပေသင်ကြားရေးဆိုင်ရာများ၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုး အမည် မှားယွင်းမှုကိစ္စများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူး နေ့မြတ်ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပါသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအားချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။