တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
- နေပြည်တော်
- 29 May 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (၂၉)ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ချင်းပြည်နယ်မှ လူမှုရေးရာဝန်ကြီးက Video Conferencing ဖြင့် တက်ရောက်ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် ဥပဒေအရ ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ မျှော်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့၏လိုအပ်ချက်များ၊ ပံ့ပိုးဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်ဖွင့်လှစ်ခြင်းကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာ သဘောထားမှတ်ချက်ပြန်ကြားခြင်းကိစ္စရပ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးစုအချင်းချင်း ရိုးရာယဉ်ကျေးမှုများ နှီးနှောဖလှယ်နိုင်ရေးအတွက် အပြန်အလှန် လေ့လာရေးခရီးစဉ်များ၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (Teaching Assistant - TA ၊ Language Teacher – LT) များ ခန့်ထားခြင်းကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။
၎င်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (၂၉)ဦးနှင့် ချင်းပြည်နယ်မှ လူမှုရေးရာဝန်ကြီးတို့က မိမိတို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား အသီးသီးဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။