ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကွန်ပျူတာသင်တန်း (၂/၂၀၂၆) နှင့် မုန့်ဖုတ်နည်းတန်း(၄/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
- ရှမ်းပြည်နယ်
- 05 June 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ကွန်ပျူတာသင်တန်း(၂/၂၀၂၆)နှင့် မုန့်ဖုတ်နည်းသင်တန်း (၄/၂၀၂၆) သင်တန်း ဆင်းပွဲအခမ်းအနားကို (၄-၆-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် ကွန်ပျူတာသင်တန်းမှ ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ကွန်ပျူတာသင်တန်းအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက မုန့်ဖုတ်နည်းသင်တန်းအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က မုန့်ဖုတ်နည်းသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မိုင်က ကွန်ပျူတာသင်တန်းနည်းပြဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းလောဝ်ဟွမ်က မုန့်ဖုတ်နည်းသင်တန်း နည်းပြများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
အဆိုပါ ကွန်ပျူတာသင်တန်းနှင့် မုန့်ဖုတ်သင်တန်းတို့တွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ကယော၊ လားဟူ၊ ကယန်း၊ ကချင်၊ ကရင်နှင့် ပလောင် စသည့် တိုင်းရင်းသား မျိုးနွယ်စုများမှ သင်တန်း(၁)ခုလျှင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးစီ တက်ရောက်ခဲ့ကြပါသည်။ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ သက်မွေးပညာသင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအတွက် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ သင်တန်း(၃၆)ကြိမ်ဖြင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၂၀)ဦးအား သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။