တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
- နေပြည်တော်
- 14 May 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းရှိ ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်း၌ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ယခုကဲ့သို့ ပျဉ်းမနားခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက လာရောက်တွေ့ဆုံမှုကို အထူးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်သည် တိုင်းရင်းသားများ၏ စကား၊ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ပေးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ တိုင်းရင်သားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ၏ အခက်အခဲ၊ လိုအပ်ချက်များကို ရင်းနှီး ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံး အချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သဖြင့် နိုင်ငံတော်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နည်းတူ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံးကလည်း အတူတကွ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက် ပေးကြရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန် လေ့လာရေးခရီးစဉ်များ၊ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ၊ တိုင်းရင်းသား အဆို၊ အက၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာ မိတ်ဆုံစားပွဲ အစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ပြီး တိုင်းရင်းသားများအကြား ချစ်ကြည်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဒေသထွက်ကုန်များကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ “One Village One Product” “ရပ်ရွာတစ်ခု ထုတ်ကုန်တစ်ခု” အစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရန် အားလုံးကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။
ထို့နောက် နေပြည်တော်ရှိ ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် ဒေသလိုအပ်ချက် များကို လူမျိုးစုအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားပါသည်။ပြီးနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များအား နေလည်စာဖြင့် တည်ခင်းဧည့်ခံပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ခင်းကျင်းပြသ ထားသော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများအား ကိုယ်စားလှယ်များက လေ့လာ ကြည့်ရှု ခဲ့ကြကြောင်း သိရှိရပါသည်။