ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

29 SEP

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ကယား ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

  • လွိုင်ကော်မြို့
  • 29 September 2026

            ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများလိုက်ပါလျက် စက်တင်ဘာလလ (၂၉) ရက်နေ့ မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ရှိ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

          ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက် နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရ မည်မှာ မိမိတို့တိုင်းရင်းသားတိုင်းတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊ တိုင်းပြည်အေးချမ်း သာယာမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကယားပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များအနေဖြင့် မိမိဒေသ အေးချမ်းသာယာရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်သန္တာထွန်းက ကယား ပြည်နယ်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။

         ယင်းနောက် ကယား၊ ကယန်း၊ ကယော၊ ကရင်၊ ဂေခို၊ ဂေဘား၊ ယင်းတလဲ၊ မနုမနော၊ ရှမ်း၊ ပအိုဝ်းနှင့် အင်းသား တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ၊ တိုင်းရင်းသားဘာသာစာပေသင်ကြားရေးဆိုင်ရာများ၊ ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ် များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားပါသည်။

ယင်းနောက် ဝန်ထမ်းများက ရုံးလုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ စုပေါင်းရုံးအဆောက်အဦသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။