ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

20 OCT

လူငယ်များ၏ အခန်းကဏ္ဍနှင့် စွမ်းရည်မြှင့်တင်ရေး ဟောပြောပွဲအခမ်းအနားကျင်းပ

  • နေပြည်တော်
  • 20 October 2026

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း ကျင်းပသည့် လူငယ်များ၏ အခန်းကဏ္ဍနှင့် စွမ်းရည်မြှင့်တင်ရေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏  အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ တိုင်းရင်းသာလူမျိုးများရေးရာဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်တည်ဆောက်ကြမည့် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် နည်းပညာနှင့် သတင်းအချက်အလက်များ လျင်မြန်စွာပြောင်းလဲတိုးတက်နေပါ၍ လူငယ်များ အနေဖြင့် ရိုးရာအသိပညာ၊ အတတ်ပညာများကို ထိန်းသိမ်းမြတ်နိုးရုံသာမက ခေတ်နှင့်အညီ အတတ်ပညာ၊ အသိပညာများကိုလည်း အစဉ်တစိုက် လေ့လာဆည်းပူးရန် လိုအပ်ပါကြောင်း၊      အနာဂတ်လူငယ်များ၏ အခန်းကဏ္ဍနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများတွင် လူငယ်များ အနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများသာမက ဗလငါးတန်နှင့် ပြည့်စုံခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ကိုယ်ချင်းစာတရားမြင့်မားခြင်းဖြင့် အနာဂတ်၏ ခေါင်းဆောင်ကောင်းများအဖြစ် ရည်မှန်းချက်ထားရှိရန် လိုအပ်ပါကြောင်းနှင့် ယနေ့ ဟောပြောပွဲမှတစ်ဆင့် လူငယ်များ၏အခန်းကဏ္ဍ၊ လူငယ်ရေးရာစွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူမှုအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားပါသည်။

          ဆက်လက်၍ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းက လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းတာဝန်ပေးအပ်မှု အခြေအနေများကိုလည်းကောင်း၊ လူငယ်ကဏ္ဍ ၁၆ ရပ်ကို လုပ်ငန်းစဉ် ၅၈ ခုဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ လူငယ် မဟာဗျူဟာစီမံချက်ကို ထပ်မံပြုပြင်ရေးဆွဲလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီကိုသာမက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်ရေးရာကော်မတီများဖွဲ့စည်းပြီး ဒေသအနှံအပြားရှိ အထူး အလေးပေးရမည့် လူငယ်များကို ယခင်အုပ်စု ၁၁ စု သတ်မှတ်ခဲ့သော်လည်း ယခုအခါ ထပ်မံ၍ လူငယ်အုပ်စု ၅ စုကို တိုးမြှင့်ပြီး စုစုပေါင်း လူငယ်အုပ်စု ၁၆ စု၏ ဘက်စုံဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day)  ဆောင်ပုဒ်ဖြစ်သော “နောက်ခံမတူငြား ရည်မှန်းတူထား လူငယ်အား” နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ လူငယ် ဖိုရမ်များ၊ လူငယ်တွေ့ဆုံပွဲများ၊ လူငယ်အလုပ်ရုံဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များကို လည်းကောင်း၊ လူငယ်စကားဝိုင်းနှင့် လူငယ်အသိပညာပေး ဟောပြောပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်စင်တာဖွင့်လှစ်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ အာဆီယံနှင့် နိုင်ငံတကာ လူငယ်ရေးရာအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ဟောပြောဆွေးနွေးရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

              ၎င်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၌ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများအား လှည့်လည်ပြသခဲ့ကြောင်း သိရှိရပါသည်။