ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

21 AUG

တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

  • ရန်ကုန်မြို့
  • 21 August 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ကရင်တိုင်းရင်းသား/သူများ တက်ရောက်ကြပါသည်။

          ဦးစွာ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လူမှုရေးရာ ဝန်ကြီး ဦးဗိုလ်ဌေးနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည် ၉ ချက်တီး၍ ကရင်လူငယ် ၉ ဦးတို့က ကျွဲချိုမှုတ်ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း ၁ ရက်နေ့မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ ရှိသည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာသည် ကရင်တိုင်းရင်းသား ဘိုးဘွားများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်း ကျင်းပခဲ့ကြသည့် ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့် မကောင်းသည့် ဖြစ်ပျက်မှု၊ ဖြစ်စဉ်၊ အကြောင်းအရာများ ပျောက်ပျက်ပြီး ကောင်းမွန်သည့် မင်္ဂလာတရားများ မိမိတို့ထံသို့ သက်ဝင်ရောက်ရှိလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ကြသည့် ပွဲတော်လည်းဖြစ်ပါကြောင်း၊ အခမ်းအနားတွင် အသုံးပြုသည့် ပစ္စည်း ၇ မျိုးဖြစ်သော ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သော ရေနှင့် ကြံပိုင်းတို့သည် မိသားစု၏ စည်းလုံးညီညွတ်ခြင်း၊ အေးချမ်းသာယာခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းနှင့် ကောင်းမွန်သော မင်္ဂလာတရားများ သက်ဝင်စိမ့်ဝင်စေခြင်း စသည့် အနက်အဓိပ္ပာယ်များအသီးသီး ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဤအခြင်းအရာ များကို ကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားများ၏ စနစ်တကျ စုပေါင်းညီညာ ဆောင်ရွက်တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များကို လွှဲပြောင်းပေးအပ်ခံယူတတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများကို စနစ်တကျထိန်းသိမ်းဆောင်ရွက် တတ်မှုများကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်သည် မိသားစုများ အားလုံး စည်းစည်းလုံးလုံးဖြင့် ပြန်လည် တွေ့ဆုံကြပြီး လက်ရည်တပြင်တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများတိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းခြင်းတို့ကို ထုတ်ဖော်ဆောင်ရွက်ကြသည့် ထူးမြတ်သော မင်္ဂလာအခမ်းအနားလည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခမ်းအနားကို ကရင်ဘိုးဘွားများက လူငယ်မောင်မယ်များသို့ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ပြီး အစဉ်အလာနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးသည် လွန်စွာအရေးကြီးသဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရပ်ရွာအကျိုး၊ ဒေသအကျိုးနှင့် ပြည်ထောင်စုနိုင်ငံတော် အကျိုးကို ဆထက်ထမ်းပိုး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

          ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင် ကြသည့် တိုင်းဒေသကြီးဖြစ်ပြီး ဗမာတိုင်းရင်းသားပြီးလျှင် ကရင်တိုင်းရင်းသားသည် ဒုတိယ အများဆုံးနေထိုင်ကြသည်ကို တွေ့ရှိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းရင်းသားလူငယ်မောင်မယ်များ  အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ၊ အိမ်တွင်းမှုသင်တန်းများ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး ရိုးရာယဉ်ကျေးမှုများ သိရှိနားလည်စေရန် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ ပွဲတော်များ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာသင်တန်းများ စသည်တို့ ကျင်းပနိုင်ရန်အတွက် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ လျာထားဆောင်ရွက် ပေးလျက်ရှိ ပါကြောင်းနှင့် တိုင်းရင်းသားရေးရာကိစ္စများ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပသည့် ရည်ရွယ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကရင်တိုင်းရင်းသား/သူ များက ပဲခူးရိုးမတောင်ပေါ်ဒေသနေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အက၊ ကရင်ရိုးရာ ဒုံးအက၊ ကရင်ရိုးရာ စကောအက၊ ကရင်ရိုးရာ ဝါးညှပ်အကတို့ဖြင့်  ဖျော်ဖြေတင်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါ သည်။

          ဆက်လက်ပြီး ကရင်ရိုးရာဝါခေါင်လ လက်ချည်ပွဲစတင်ရန် ကရင်ဘိုးဘွားများနှင့် ကရင်လူငယ်မောင်မယ်များက လက်ချည်ပွဲအသုံးအဆောင် ၇ မျိုးပါသည့် စကောများသယ် ဆောင်လာ၍ နေရာယူပြီး ကရင်ဘိုးဘွားများက ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  အခမ်းအနား တက်ရောက်လာကြသူများအား ချည်ဖြူဖွဲ့ပေးကြကြောင်း သိရှိရပါသည်။