ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

16 NOV

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ကချင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

  • မြစ်ကြီးနား
  • 16 November 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလီပေါ်ရဲ့၊ ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှု၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ (၁၆) ရက်နေ့ နေ့လယ်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေဘဲ အထူးသတိပြု ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ မိမိတို့တိုင်းရင်းသားတိုင်းတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ လူမျိုးအမည်မှန် ပြင်ဆင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပထမဆုံးအနေဖြင့် ကချင်မျိုးနွယ်စုတွင် “လော်ဂေါ်” အစား “လော်ဝေါ်” နှင့် “လီဆူး” အစား “လီဆူ” လူမျိုးအမည်မှန် ပြင်ဆင်နိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသား အချင်းချင်းစည်းလုံးညီညွတ်မှ တိုင်းပြည်အေးချမ်းသာယာမည်ဖြစ်ပြီး တိုင်းပြည်အေးချမ်း သာယာမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များအနေဖြင့် မိမိဒေသ အေးချမ်းသာယာရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များ၏ တင်ပြသည့်အချက်များကို သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်

ယင်းနောက် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း၊ ဂျိန်းဖော့၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး(ခ)အဇီး၊ တိုင်းလိုင်/တိုင်းနိုင်း၊ တိုင်းလေ၊ တိုင်းခမ်းတီ၊ တိုင်းဆာ(ခ) မိုင်းသာ၊ တိုင်းလုံ၊ ကရင်၊ ချင်း၊ ဗမာနှင့် ရခိုင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုး အမည်မှန် ပြင်ဆင် ပေးနိုင်ရေး၊ တိုင်းရင်းသားဘာသာစာပေသင် (TA/LT) ဆရာ/ဆရာမများ ခန့်ထားရေး၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဆိုင်ရာမှတ်တမ်းများထားရှိနိုင်ရေးနှင့်နည်းပညာများပံ့ပိုးပေး နိုင်ရေး၊ ပြည်နယ်အဆင့် (သို့မဟုတ်) ပြည်ထောင်စုအဆင့် တိုင်းရင်းသားအချင်းချင်း နှီးနှောဖလှယ်ရေးအစီအစဉ် ကျင်းပပေးနိုင်ရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စ ရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာကြသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ချီးမြှင့်ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားပါသည်။

ယင်းနောက် ဝန်ထမ်းများက ရုံးလုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်း များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။