နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ရှမ်းပြည်နယ်မှ လေ့လာရေးခရီး လာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်
- နေပြည်တော်
- 19 September 2025
ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကို ယနေ့ညနေ ၁၈:၀၀ နာရီ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက် ကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကြိုဆိုနုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုလေ့လာရေးခရီးစဉ်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၈)ကြိမ်မြောက်လေ့လာရေးခရီးစဉ်ဖြစ်ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအကြား တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများကို အမြင်ချင်းဖလှယ်နိုင်ပြီး ရင်းနှီးမှုများ ပိုမိုရရှိစေမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ပေါင်းစုထားသည့် ပြည်ထောင်စုတစ်ခုဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးသည် အလွန် အင်မတန် အရေးကြီးပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ပါက စစ်မှန်သည့်ညီညွတ်ရေးကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရန်အတွက် အရေးကြီးဆုံးအချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ယခုလေ့လာရေး ခရီးစဉ်တွင် ငြိမ်းချမ်းသည့်ဒေသများ၌ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့မြင်တွေ့နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သဖြင့် နိုင်ငံတော်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နည်းတူ တိုင်းရင်းသားညီအစ်ကို မောင်နှစ်မများအားလုံးကလည်း အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် မိမိတို့၏ ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စု စိတ်ဓါတ်ဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား ဂရဝါပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်စကား ပြောကြားပါသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ကိုယ်စား ပအိုဝ့်တိုင်းရင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်တာဝန်ရှိသူများသည် လေ့လာရေးလာရောက်ကြသည့်အဖွဲ့များနှင့်အတူ ချစ်ကြည် ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်စဉ် တိုင်းရင်းသားရိုးရာတေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။