တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
- နေပြည်တော်
- 29 September 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် (၁၅-၁၀-၂၀၂၅) ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ရုံးချုပ်၊ ပြည်နယ်နှင့် တိုင်းဒေကြီး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့မှ ဝန်ထမ်းများက သက်ဆိုင်ရာ ကော်မတီများအလိုက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ အဆိုပါအခမ်းအနားတွင် ဝန်ကြီးဌာန၏ပြခန်း ခင်းကျင်းပြသရာတွင်လည်း မိမိတို့ ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် အဓိကတာဝန်ယူဆောင်ရွက်နေသည့် ဝန်ကြီးဌာန ဖြစ်သည်ကို ပေါ်လွင်စေရန် ပြသဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖြစ်စေသောအရာများကို ပံ့ပိုးဆောင်ရွက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့် အရာများကို တားဆီးကြရမည်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင်လည်း ဝန်ကြီးဌာနမှ “ပြည်ထောင်စုတိုင်းရင်းသား” အမည်ရှိ စိန်နားပန်မီးပုံးပျံတစ်လုံးနှင့် မီးပုံးပျံငယ်များ လွှတ်တင်ပူဇော်သွားနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဖွဲ့စည်းထားရှိသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် မိမိတို့၏ လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့် စားဝတ်နေရေး ဖူလုံစေရေးတို့အတွက် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ရှေ့ရှုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းလုံးညီညွတ်စွာ စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြကြရန် တိုက်တွန်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။