ဒုတိယဝန်ကြီးအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဂုဏ်ပြုယာဉ်အစီအစဉ်ဖြင့်ပါဝင်၍ ဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်အထူးဆုဖလားနှင့် ဂုဏ်ပြု ဆုငွေကို ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများမှ အပ်နှင်းပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများသည် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ပြသထားသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင်ပါဝင်ပြီး အထူးဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်နှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တိုင်းရင်းသားရိုးရာ အကအဖွဲ့က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းရှေ့တွင် ဖျော်ဖြေတင်ဆက်ကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လာရောက်လေ့လာ ကြည့်ရှုကြသည့် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး (အရာထမ်း) သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) မှ သင်တန်းသား၊ သင်တန်းသူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး (အရာထမ်း) သင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူ့စွမ်းအားအရင်း အမြစ်များ လေ့ကျင့်ပျိုးထောင်ပေးရေးတို့အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် “Never too late to learn” ဆိုသည့်စကားအတိုင်း စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူးကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ လက်တွေ့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏အောင်မြင်မှုကို အထောက်အကူပြုစေမည်ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည်အချင်းရှိရန်လိုအပ်ပြီး ကြိုးစားလျှင်ကြိုးစားသကဲ့သို့ အခွင့်အရေးရရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ စည်းမျဉ်း စည်းကမ်းများ၊ အမိန့် ညွှန်ကြားချက်များကိုလည်း သိရှိရန်လိုအပ်သကဲ့သို့ လိုက်နာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စေတနာထား ဆောင်ရွက်ရန်ကြလိုအပ်ပါကြောင်း၊ မိမိတို့ဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဖြစ်သဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကျင်းပခဲ့ပြီးဖြစ်ရာ (၇၅)နှစ်မှသည် နှစ် ရာ၊ ထောင်မက ကမ္ဘာတည် သရွေ့ နိုင်ငံတော်ကြီးဝင့်ကြွားစွာ ထာဝရတည်တံ့နေရန် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal)ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားလုံးဝိုင်းဝန်း ကြိုးစား လုပ်ဆောင်သွားကြစေလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး (Capacity Building) အတွက် ဆရာကိုဗဟိုပြု သော သင်ကြားမှုစနစ်ကိုမကျင့်သုံးဘဲ သင်ယူသူဗဟိုပြုသော သင်ကြားမှုစနစ်ဖြင့် ဆရာနှင့် သင်တန်းသားများ အပြန်အလှန်ဆွေးနွေး သင်ကြားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့်လည်း မိမိတို့၏ အတွေးအခေါ် အယူအဆများကို ဆွေးနွေးခွင့်ရရှိခဲ့ ကြပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်း၊ ဗဟုသုတကြွယ်ဝခြင်း၊ ထက်မြက်မှုရှိခြင်းတို့ရရှိစေရန် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိ၏မိသားစု၊ လုပ်ငန်းခွင်မှသည် နိုင်ငံတော်ကြီးငြိမ်းချမ်းသာယာရေးအတွက် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီကြရမည်ဖြစ်ပါကြောင်း၊ ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလ ငါးတန်နှင့်ပြည့်စုံအောင် တည်ဆောက်ကြရမည် ဖြစ်ပါ ကြောင်း ပြောကြားပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းဆင်းလက်မှတ်များ ကို ပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား (၁) ဦးနှင့် သင်တန်းသူ (၂) ဦးတို့က လက်ခံရယူခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၃၂) ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ (၁)လ ကြာမြင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ဂုဏ်ပြုစစ်ရေးပြ အစီအစဉ်၊ ဂုဏ်ပြုယာဉ်အစီအစဉ်နှင့် ဝန်ကြီးဌာနကိုယ်စားပြုပြခန်း ခင်းကျင်းပြသရေး အစီအစဉ်နှင့် တိုင်းရင်းသားရိုးရာအက ဖျော်ဖြေရေးအစီအစဉ်တို့တွင် ပါဝင်ခဲ့ကြသော အရာထမ်း၊ အမှုထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား၌ ဂုဏ်ပြုစစ်ရေးပြအစီအစဉ်၊ ဂုဏ်ပြုယာဉ်အစီအစဉ်နှင့် ဝန်ကြီးဌာနကိုယ်စားပြုပြခန်း ခင်းကျင်းပြသရေးအစီအစဉ်နှင့် တိုင်းရင်းသားရိုးရာအက ဖျော်ဖြေရေးအစီအစဉ်တို့တွင် အောင်မြင်စွာပါဝင်ဆောင်ရွက်ခဲ့ကြသော အရာထမ်း၊ အမှုထမ်း များအားလုံး၊ ပံ့ပိုးကူညီခဲ့ကြသောအုပ်ချုပ်မှုအဖွဲ့နှင့် အထောက်အကူပြု အရံအဖွဲ့များအားလုံးကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုရရှိခြင်းသည် ဝန်ကြီးဌာန၏စည်းစည်းလုံးလုံး ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်ပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကောင်းကျိုး၊ ပြည်သူ ပြည်သားကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဒို့တာဝန် အရေး(၃)ပါး၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို အလေးထား ဆောင်ရွက် နေသကဲ့သို့ မိမိတို့ဝန်ထမ်းများကလည်း လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သင်တန်းများလည်း ဖွင့်လှစ်ပေးလျက်ရှိ ပါကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ “Unity is Strength” “စည်းလုံးခြင်းသည်အင်အား” ဆိုသည့်စကားအတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင်ပါဝင်၍ ဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်အထူးဆုဖလားနှင့် ဂုဏ်ပြုဆုငွေကို ပြည်ထောင်စုဝန်ကြီးအား ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက အပ်နှင်းပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ဂုဏ်ပြုစစ်ရေးပြအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများကိုယ်စား ပြည်ထောင်စု ဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်အားလည်းကောင်း၊ ဒုတိယဝန်ကြီးက ဂုဏ်ပြုယာဉ်အစီအစဉ် တွင်ပါဝင်ခဲ့ကြသူများကိုယ်စား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်အားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြုပြခန်း ခင်းကျင်းပြသရေးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူများကိုယ်စား တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အားလည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးက ကျေးဇူးတင်အမှာစကားပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ကြုံတောင့်ကြုံခဲ အောင်မြင်စွာပါဝင်နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နောက်နောင် ယခုကဲ့သို့ပွဲများတွင်လည်း စည်းလုံး ညီညွတ်စွာဖြင့် ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ယခုထက်မက တိုးမြှင့်ကြိုးစားကြစေလိုပါကြောင်း၊ သို့မှသာဝန်ကြီးဌာန၏ အခန်းကဏ္ဍမြင့်မားလာမည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ထို့နောက် ဝန်ထမ်းများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံ၍ တိုင်းရင်းသား ရိုးရာ အကအလှများ၊ တေးသံသာများဖြင့် ဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့သည် ၃၁-၁၂-၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ၇၅ နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကိုယ်စားပြုပြခန်း ခင်းကျင်းနေမှုကို လာရောက်ကြည့်ရှုအားပေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကြိုဆိုရှင်းလင်းပြသခဲ့ပါသည်။ဒုတိယဝန်ကြီးဦးဇော်အေးမောင်သည် ၇၅ နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရခိုင်ပြည်နယ်မှ ဖျော်ဖြေရေးဆောင်ရွက်ကြမည့် ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့အားသွားရောက်တွေ့ဆုံခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန် ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်ရှိ ယုဒဿန်ဘုရားကျောင်းရိပ်သာ၌ ကမာရွတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြသူများကို အားပေးစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ဦးတည်ချက်ထားကာ အလေးအနက်ထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ပြောကြားချက်အတိုင်း လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိပါကြောင်း၊ လူတန်းစေ့အခမဲ့ ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ပတ်ဝန်းကျင် တွင် ကာကွယ်ဆေးမထိုးရသေးသူများရှိပါကလည်း လာရောက်ထိုးနှံကြရန် တိုက်တွန်းစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အားပေးစကားပြောကြားရာတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူများသည် ကာကွယ်ဆေးမထိုးရသေးသူများထက် ကိုဗစ်-၁၉ရောဂါကူးစက်ခံရပါက ပိုမိုခံနိုင်ရည်ရှိပါကြောင်း၊ ကာကွယ်ဆေးမထိုးထားမှုကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရချိန်တွင် သေဆုံးခဲ့မှုဖြစ်စဉ်များရှိပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လိုက်နာရမည့် စည်းကမ်းချက်များကို အလေးထားလိုက်နာကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှု အားပေးကြပါသည်။
ဆက်လက်ဖတ်ရှုပါရန် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ အရောင် အသွေးကင်းပြီး မိမိတို့လူမျိုးအဓွန့်ရှည်တည်တံ့စေရန် အကျိုးဆောင်ပေးရသည့်အဖွဲ့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် “ပန်းခင်းစီမံချက်” နိုင်ငံသား စိစစ်ရေးကတ်နှင့်အိမ်ထောင်စုဇယားပြုလုပ်ခြင်းလုပ်ငန်းသည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ် ခေါင်းဆောင်များဖြစ်ကြသည့်အတွက် ပညာရေးကို ဦးစားပေးကြရမည်ဖြစ်ပါကြောင်း၊ ပညာရည်မြှင့်မားမှ လူမှုဘဝတိုးတက်မြင့်မားမည်ဖြစ်ပါကြောင်း တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ ထိုအခမ်းအနားကို ယနေ့နံနက် (၁၁:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို ဆောင်ရွက် ရသည့်ဌာနဖြစ်သည့်အတွက် လုပ်ငန်းများလျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများအား တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ တိုင်းရင်းသား များ၏အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မိမိတို့ ဝန်ကြီးဌာနက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (Teaching Assitant – TA နှင့် Language Teacher – LT) များပိုမိုခန့်ထားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည် ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးသည် လွန်စွာအရေးကြီးသဖြင့် တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကမ္ဘာ့နိုင်ငံရေးနှင့် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းများကိုပြောကြားခဲ့ပြီး ဆက်လက်၍ ပြည်ထောင်စုမပြိုကွဲရေးသည် လွန်စွာ အရေးကြီးပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တိုင်းရင်းသားများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မိမိတို့၏အခွင့်အရေးများ နစ်နာဆုံးဆုံးမှုမရှိစေရေးအတွက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပြီးဖြစ်ပါကြောင်း၊ ထိုဥပဒေ၊ နည်းဥပဒေများကို ကောင်းမွန်စွာသိရှိနိုင်ရေးလေ့လာကြရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ နေ့ထူး နေ့မြတ်အခမ်းအနားများ၊ ဆွေးနွေးပွဲများကို မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် အချိန်မရွေး လွတ်လပ်စွာ လာရောက်ကျင်းပ နိုင်ပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး အေးချမ်းစွာအတူတကွနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းပြည် အေးချမ်းအောင်နှင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားတိုးတက်ရန် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအား တိုင်းရင်းသားအရေးကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်ကာ တွေ့ဆုံပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ကျရောက်သည့် ၂၇၆၂ ခုနှစ်၊ ကရင် အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။နံနက် (၆:၀၀) အချိန်တွင် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင် အခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။အခမ်းအနားတွင် ဖားစည်တီး၍ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်အမျိုးသားအလံတော်ကို လွှင့်ထူပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတော်ကို အလေးပြုကြကာ ကရင် အမျိုးသားသီချင်းသီဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။နံနက် (၀၈:၃၀) နာရီတွင် ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ အတွင်းတွင် ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးစောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေတို့က ဖားစည် (၉)ချက်တီးကာ ကရင်လူငယ် (၉)ဦးက ကျွဲဂျိုမှုတ်ပြီး ပဲခူးရိုးမတောင်ပေါ်ကရင်ရိုးရာအိုးစည်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ ပါသည်။၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစောဒန်နီရယ်က ကရင်အမျိုးသားနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၈၄ခု ပြသိုလဆန်း (၁)ရက်နေ့၊ ကရင်နှစ် ၂၇၆၂ ခုနှစ်သည် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မြတ်နိုးတန်ဖိုးထားသည့် ကရင်အမျိုးသားနှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပင်ပါကြောင်း၊ သမိုင်းကြောင်းများအရ ကရင်တိုင်းရင်းသားတို့၏ ပင်ကိုသဘောသည် ရိုးသား၍ မာန်မာနကင်းစင်ပြီး အမြဲ အပြုံးကိုယ်စီဆောင်လျက်ရှိသော တိုင်းရင်းသားများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားမျိုးနွယ်စုများသည် နေရာဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘာသာစကား ကွဲပြားခြားနားကြသော်လည်း အနှစ်သာရ အားဖြင့် တစ်သွေးတစ်သားတည်းသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဖြစ်ကြ ပါကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ဖြစ်တည်မှုသမိုင်းကြောင်း ရှည်လျားမှုနှင့်အညီ ဓလေ့ထုံးတမ်းများနှင့်ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ကောင်းများ ပိုင်ဆိုင်ထားကြသည်ကို တွေ့ရှိရပါကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ပွဲတော်များအနေဖြင့် နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲဦ သဲပုံစေတီပွဲ၊ ကောက်သစ်စားပွဲ၊ လိပ်ပြာခေါ်ပွဲများ ရှိကြပြီး ကရင်ဒုံးယိမ်းအကသည်လည်း ကရင်တိုင်းရင်းသားတို့၏စည်းလုံးညီညွတ်မှုကို ဖော်ညွှန်း လျက် မြူးကြွ၍လူကြိုက်များသည့် ယဉ်ကျေးမှုအကဖြစ်သည်ကို တွေ့မြင်ရပါကြောင်း၊ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို မြန်မာနိုင်ငံတဝန်း ဘာသာအယူဝါဒမခြားဘဲ စည်းလုံးညီညွတ်စွာကျင်းပကြသည်ကို သိရှိရပါကြောင်း၊ မိမိတို့ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို နောင်လာနောက်သားများ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် ကရင် ဘိုးဘွားမိဘများက မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့သည့် ၁၉၃၇ ခုနှစ်တွင် ကရင်နှစ်သစ်ကူးနေ့အသိအမှတ်ပြုခြင်းဥပဒေတစ်ရပ်ကို ညီနောင်တိုင်းရင်းသားများနှင့်အတူ ကြိုးပမ်းပြီး ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယနေ့တွင် နှစ်ပေါင်း (၈၅)နှစ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားအရေးကိစ္စများကို ဦးတည်ချက် (၉)ရပ်ပါ “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်း စောင့်ရှောက်ရေး” ဆိုသည့်အတိုင်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင် နှစ်သစ်ကူးပွဲတော်အခမ်းအနားကဲ့သို့ ကျန်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အနေဖြင့်လည်း မိမိတို့ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြစေလိုပါကြောင်း၊ တိုင်းရင်းသားအချင်းချင်း ဥမကွဲ၊ သိုက်မပျက် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် ကျရာအခန်းကဏ္ဍာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ကရင်အမျိုးသားနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြား ရာတွင် မိမိတို့ ကရင်တိုင်းရင်းသားမျိုးနွယ်စု (၁၁)စုသည် မြန်မာနိုင်ငံဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ တောင်ပေါ်- မြေပြန့်ဒေသ အနှံ့အပြားတွင် အခြားသောတိုင်းရင်းသားများနှင့် အတူတကွလက်တွဲ၍ ရာစုနှစ်ပေါင်းများစွာ အေးချမ်းပျော်ရွှင်စွာဖြင့် အခြေချနေထိုင်ကြသူများဖြစ်ပါကြောင်း၊ ပထမဦးဆုံး ကရင် အမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်လူကြီးများ၏ စုပေါင်းမိန့်ခွန်းတွင် ကျွန်ုပ်တို့ ကရင် လူမျိုးများ၏ စည်းလုံးညီညွတ်မှုကိုတည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ် မြန်မာနိုင်ငံကံကြမ္မာကို ဖန်တီးရာ၌ တစ်တပ်တစ်အား လက်တွဲပါဝင်ကြိုးပမ်းကြရမည်ဟု လည်းကောင်း၊ ကျွန်ုပ်တို့ကင်လူမျိုးများသည် ခေတ်နှင့်လျော်ညီစွာတွေးခေါ်စိတ်ကူးလျက် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများ ကြံဆချမှတ်ကာ အခြားသောတိုင်းရင်းသားများနှင့် တစ်စိတ်တစ်ဝမ်းတည်း ကျရာကဏ္ဍမှ စည်းလုံးညီညွတ်သောလူမျိုးများပေါင်းစုံထားသည့် မြန်မာနိုင်ငံအဖြစ် တာဝန်ယူသွားကြရမည်ဟုလည်းကောင်း ကရင်နှစ်သစ်ကူးနေ့ အသံလွှင့် မိန့်ခွန်းတွင် ထည့်သွင်းမှာကြားခဲ့ပါကြောင်း၊ ကရင်နှစ်သစ်ကူးနေ့ကို ဖော်ဆောင်ပေးခဲ့သော ကရင်ဘိုးဘွားလူကြီးသူမများ၏ ဆုံးမလမ်းညွှန်စကားကို ယနေ့ခေတ် မိမိတို့ကရင် အမျိုးသားထုကြီးက မမေ့မလျော့ နှလုံးသွင်းအမှတ်ရလိုက်နာကာ လုပ်ဆောင်ကြမှသာလျှင် လျော်ကန်သင့်မြတ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးနှင့်အတူ ကရင့်ဘဝအေးချမ်းသာယာရေးနှင့် တိုးတက်မြင့်မားရေးကို လက်ဆင့်ကမ်းသယ်ဆောင် ကြိုးပမ်းဖို့ ကရင်တစ်မျိုးသားလုံးတွင်တာဝန်ရှိပြီး ကရင်နှစ်သစ်ကူးနေ့သို့ရောက်တိုင်း ကောင်းမြတ်သော အသိ၊ သတိတို့ဖြင့် နှလုံးသွင်းခံယူကြရမည်ဖြစ်ပါကြောင်း၊ ခေတ်ကာလ များမည်သို့ပင်ပြောင်းလဲဖြစ်ပေါ်နေသည်ဖြစ်ပါစေ ပြည်ထောင်စု၏ အကျိုးစီးပွားသည် နိုင်ငံတော်၏အကျိုးစီးပွားပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အကျိုးစီးပွားဆိုသည်မှာ မည်သည့် ခေတ်၊ မည်သည့်အချိန်တွင်မဆို ရှင်သန်ဖြစ်ထွန်းနေရမည်ဖြစ်ပါကြောင်း၊ နှစ်သစ် အခါသမယတွင် မင်္ဂလာကောင်းမြတ်ခြင်းအဖြာဖြာနှင့် ဘေးရန်အပေါင်းကင်းဝေး ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ မန်းသန်းဝင်းဦးက ကရင်အမျိုးသားနှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းဖတ်ကြားခဲ့ပါသည်။ ယင်းနောက် ကရင်တိုင်းရင်းသားရိုးရာဒုံးယိမ်းအက၊ ရိုးရာကြိုးကျစ်အကနှင့် ရိုးရာ ဝါးညှပ်အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ဧည့်သည်တော်များအား ကရင်နှစ်သစ်ကူးလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ၂၇၆၂ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များရန်ကုန်)၏ (၈၅)ကြိမ်မြောက် အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မိတ်ဆုံပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၂) ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ် Recreation Center (RC) ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်များမှ ဆရာ/ဆရာမများ၊ ကရင်မောင်မယ် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြပါသည်။ ပထမဦးစွာ ပဲခူးရိုးမတောင်ပေါ်ကရင်ရိုးရာအိုးစည်အကဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော် စုပေါင်း နေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်ပါကြောင်း၊ “နွားကွဲရင်ကျားဆွဲ” ဆိုသည့် အသိ၊ ထင်းစည်းပုံပမာ စည်းလုံးစွာနှင့်ကောင်းညှင်းပေါင်းကဲ့သို့ ဘယ်သူခွဲခွဲ ဒို့မကွဲ ဆိုသည့် စိတ်ဓါတ်ဖြင့် တိုင်းရင်းသားများစည်းလုံးညီညွတ်စွာနှင့် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာ ဝပြောစေရန် ဝိုင်းဝန်းဆောင်ရွက်ကြဖို့မှာကြားလိုပါကြောင်း၊ ကရင်လူမျိုးများအနေဖြင့် ဘာသာကွဲပြားပါစေ၊ မျိုးနွယ်စုများမခွဲခြားဘဲ အဓိက မိမိတို့လူမျိုး၏ အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးသာ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး သားသမီးများကို ပညာအမွေပေးရန်လိုပါကြောင်း၊ ပညာတတ်မှ ခေတ်နှင့်အညီ လှုပ်ခြား နိုင်မည်ဖြစ်သလို လူမှုစီးပွားအကျိုးဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ စာပေပျောက်လျှင် လူမျိုးပါပျောက်မည်ဖြစ်ပါကြောင်း၊ ၂၀၀၂ ခုနှစ်၊ ဇွန်လထုတ် Time Magazine တွင် ၂၀၅၀ ခုနှစ်မှာ ကမ္ဘာပေါ်တွင်ယခုရှိသည့် ဘာသာစကားများအနက် တစ်ဝက်သာကျန်ရှိ တော့မည်ဟု ရေးသားထားပါကြောင်း၊ ၂၀၀၂ ခုနှစ် ဩဂုတ်လထုတ် News Week စာစောင်၌ ကမ္ဘာမှာရှိသည့် ဘာသာစကားပေါင်း (၆၀၀၀) ကျော်အနက် အနှစ် (၁၀၀)အတွင်းတွင် တစ်ဝက်ခန့် တိမ်ကောပျောက်ကွယ်သွားမည်ဟု ရေးသားထားပါကြောင်း၊ ဒါကြောင့် မိမိတို့ကရင်လူမျိုးနှင့် ကျန်တိုင်းရင်းသားမျိုးနွယ်စုများပါ ကမ္ဘာတည်သ၍တည်ရှိနိုင်ရေးမှာ မွေးရာပါသမိုင်းပေးတာဝန်ပင်ဖြစ်သည်ကို မမေ့ကြရန်လိုပါကြောင်း၊ မိမိတို့လူမျိုး စည်းလုံးမှုမှသည် တိုင်းရင်းသားမျိုးနွယ်စုများအားလုံး စည်းလုံးညီညွတ်မှုရအောင် တိုင်းရင်းသားများအားလုံးဝိုင်းဝန်းဖော်ဆောင်ပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဂုဏ်ပြုစကားပြောကြားရာတွင် မြန်မာသက္ကရာဇ်၊ ပြာသိုလဆန်း (၁) ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်သည်”ဟု ၁၉၃၇ ခုနှစ်၊ အင်္ဂလိပ်တို့အုပ်ချုပ်သည့်ခေတ်ကတည်းက ဥပဒေအမှတ် (၂၆)ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားများသည် ရိုးသားကြပါကြောင်း၊ စကား၊ စာပေပျောက်လျှင် လူမျိုးပါပျောက်မည်ဖြစ်၍ ကရင်တိုင်းရင်းသားမောင်မယ်များ အနေဖြင့် ကရင်သမိုင်းကြောင်းများကို ကောင်းစွာသိရှိထားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဘာသာစာပေကို ကျွမ်းကျင်စွာသင်ယူတတ်မြောက်ထားရမည်ဖြစ်ပြီး မိမိတို့အချင်းချင်း တွေ့လျှင် မိမိတို့ဘာသာစကားပြောဆိုကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ပဲခူးရိုးမတောင်ပေါ်ကရင် စောကီးဒိုက ကရင်ရိုးရာစောင်းဖြင့် တီးခတ် ဖျော်ဖြေခဲ့ပါသည်။ ဆက်လက်ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များရန်ကုန်)၏ နာယကဆရာမကြီး နန့်ခင်အေးဦးနှင့် သမိုင်းဌာနပါမောက္ခ ဒေါက်တာနန်းလှိုင်တို့က မိတ်ဆုံပွဲအမှတ်တရစကားများ ပြောကြား ပါသည်။ ၎င်းနောက် ပညာရေးတက္ကသိုလ်ကျောင်းသား/ကျောင်းသူများက “အော်ဟူအော်ဟှောင်” ကရင်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ ပညာရေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား “စစည်သူဟိန်း”က ကျေးဇူးတင်စကားပြောကြားပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များရန်ကုန်) သို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက တက္ကသိုလ်များမှ ဆရာ/ဆရာမများ၊ ကရင်မောင်မယ် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ခရစ္စမတ်အကြို ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ပါဝင်ဆောင်ရွက်နေကြသည့် မိမိတို့ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို အားပေးချီးမြှောက်သည့်အနေဖြင့် ယခုကဲ့သို့ စီစဉ်ကျင်းပ ရခြင်းဖြစ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ပြည့်မီချိန်တွင် မိမိတို့ရှိ နေသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူစရာကောင်းပါကြောင်း၊ မြန်မာနိုင်ငံသည် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှာန်းနှင့် နေထိုင်လာခဲ့ကြရာမှ စည်းလုံးညီညွတ်မှုအားနည်းခဲ့သဖြင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါကြောင်း၊ ထိုမှတဖန် တိုင်းရင်းသားများ၏ စုစည်းညီညွတ်မှုဖြင့် လွတ်လပ်ရေးကို ပြန်လည်ရရှိခဲ့သည်မှာ မကြာမီကာလတွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့သို့ ရောက်ရှိတော့မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တို့တာဝန် အရေး(၃)ပါးကို အစဉ်ဦးထိပ်ထားရန် လိုအပ်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အားလုံးပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ဟူ၍ ဘာသာကြီး (၄) ခု ရှိပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပါကြောင်း၊ ခရစ္စမတ်နေ့ဆိုသည်မှာ သခင်ယေရှုခရစ်တော် မွေးဖွားသည့်နေ့ဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ခရစ္စမတ်ပွဲတော်ကိုကျင်းပကြပါကြောင်း၊ ခမည်းတော်ဘုရားသည် သားတော်ကို လောကသား များအတွက် မေတ္တာတရားဖြင့် စွန့်လွှတ်ပေးခဲ့ပါကြောင်း၊ ခရစ္စမတ်အချိန်ကာလသည် တစ်ဦး နှင့်တစ်ဦး မေတ္တာပြသသည့်အချိန်၊ ငြိမ်းချမ်းသည့်အချိန်ဖြစ်သဖြင့် ဌာနရှိဝန်ထမ်းများကို ခရစ္စမတ်လက်ဆောင်များ ပေးဝေရခြင်းဖြစ်ပါကြောင်း၊ ခရစ္စမတ်အချိန်တွင် အားလုံး အေးချမ်း ကြပါစေကြောင်း ပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမိသားစုက ဌာနရှိဝန်ထမ်းများအား ခရစ္စမတ် လက်ဆောင် ကံစမ်းမဲများ ဖောက်ပေးပြီး ဝန်ထမ်းများနှင့်အတူတကွ လက်ရည်တပြင်တည်း ပျော်ပျော်ပါးပါး နေ့လည်စာသုံးဆောင်နေစဉ် ဝန်ထမ်းများက ခရစ္စမတ်တေးသီချင်းများ၊ တိုင်းရင်းသား တေးသီချင်းများ၊ အဆိုအကများဖြင့် သီဆို၊ ကပြ ဖျော်ဖြေခဲ့ကြရာ ဂုဏ်ပြု ဆုငွေများချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သနပ်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကျင်းပ၁ - ၁၂ - ၂၀၂၂ (ကြာသပတေးနေ့) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသော “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်း” နှင့် “Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား” ကို (၁-၁၂-၂၀၂၂) ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ သနပ်ပင်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကိုယ်စား) ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်၊ ဦးစီးအရာရှိ ဒေါ်မော်မော်ဦးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်မှူးဦးမင်းဆွေ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်၊ ထန်းတပင် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသားများနှင့် ထန်းတပင်မြို့နယ်အတွင်းရှိဒေသခံ ကရင်နှင့်ဗမာ တိုင်းရင်းသားများအပါအဝင် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ကိုယ်စား) ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ ပုံပြပုံပြင်စာအုပ် ထုတ်ဝေ ပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်း၊ တိုင်းရင်းသားဘာသာသင် TA/LT ဆရာများ ခန့်ထားခြင်းဆိုင်ရာအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်များနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းတို့ကို ရှင်းလင်းပြောကြားခြင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်မှ နိုင်ငံသားစိစစ်ရေး ကဒ်ပြားနှင့် အိမ်ထောင်စုဇယားဆောင်ရွက်ရန်လိုအပ်မှု အခြေအနေ၊ ပန်းခင်းစီမံချက်ဆောင် ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များကျောင်း စတင်အပ်နှံချိန်မှစ၍ မိမိတို့လူမျိုးများ၏ ဝိသေသအရှေ့ဆောင်စကားလုံးများပါဝင်ထည့်သွင်း၍ကျောင်းအမည်စာရင်းသွင်းရန် အကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြား ခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းမှ ဦးစီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အသေးစားစက်မှုနှင့်လက်မှုလုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ ဌာနမှသင်တန်းဖွင့်လှစ်ပို့ချ ပေးလျက်ရှိသည့် သင်တန်းအမျိုးအစားများ၊ လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးနေမှုအခြေအနေ တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်က သမဝါယမ ဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ သမဝါယမပေါ် ပေါက်လာပုံအကြောင်း၊ သမဝါယမအသင်းချေးငွေအကြောင်း၊ ဌာနမှ ရောင်းအားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ ဈေးကွက်ဖော်ဆောင်ပေးမှု၊ အသင်းဖွဲ့စည်းမှု အခြေအနေတို့ကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် အဓိက ပင်မဦးစီးဌာန (၂)ခု ရှိပြီး တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားအရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ထိလွယ်ရှလွယ်သည့်အတွက် အထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် လုပ်ငန်းစီမံကိန်းများဖော်ဆောင်ရာ၌ မြေယာ များကို သေချာကွင်းဆင်းစိစစ်ကြရန် မှာကြားလိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှုးနှင့် လက်ထောက် ညွှန်ကြားရေးမှူးအဆင့်သို့ တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့် အရာထမ်းများနှင့် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည့် တွေ့ဆုံလမ်းညွှန်ခြင်းအခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ပါ အချက်များကိုလိုက်နာ၍ ကြိုးစားအကောင် အထည်ဖော်ကြရန် ထပ်မံမှာကြားလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားများအခွင့်အရေး များကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ချက်ထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) လျှောက်ထားမှုများကို ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကဆောင်ရွက်နေသည့်“ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်း လုပ်ငန်းသည် လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် လွန်စွာအရေးကြီး သဖြင့် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားများ၏ ပညာရည်မြင့်မားရေးကိုလည်း ကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်းများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခု တစ်ဆင့်မြှင့်ရာထူးကို ဒုတိယ ညွှန်ကြားရေးမှူး (၂)ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၂၉) ဦး တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအရည်အသွေးမြင့်မားစေရန် အမြဲကြိုးစား ကြံဆကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးကိစ္စရပ်များကို အဓိကထား ဆောင်ရွက်ရသည့်ဌာန ဖြစ်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက် သည့်ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သေချာစွာလေ့လာထားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ်ရှိ ဥပဒေများ၊ မြေယာဥပဒေများကို သေချာသိရှိထားကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအား အဓိက (၃)ချက် လမ်းညွှန်မှာကြား လိုပါကြောင်း၊ ပြည်ထောင်စုစိတ်ဓါတ်မွေးမြူကြရန်၊ မိမိနိုင်ငံအပေါ် သစ္စာရှိကြရန်နှင့် မိမိတို့၏ ဝန်ကြီးဌာန တိုးတက်အောင် အမြဲကြံစည် လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား ကိုရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ခြင်းခံရသည့်ဝန်ထမ်းများ၊ အခြားအရာထမ်း အမှုထမ်းများနှင့်အတူ ခင်မင်ရင်းနှီးစွာ နေ့လယ်စာအတူတကွ သုံးဆောင်ကြပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်နိုင်ဝင်ဘာ ၇ ရက်နေ့ တဆောင်မုန်းလပြည်အခါသမရတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အား လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိနေပြည်တော် နိုဝင်ဘာ ၇ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ တဆောင်မုန်းလပြည်နေ့ အများပြည်သူအားလပ်ရက်နေ့၌ တိုင်းရင်းသားယဉ်ကျေးမှု အမွေအနှစ်လေ့လာသူများနှင့် အပန်းဖြေလာရောက်လည်ပတ်သူများတို့ဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်းသတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သတ္တမအကြိမ်မြောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အေးမြရွှေပြည်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ပထမဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့ခဲ့ပြီး ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇျ္စာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြပါသည်။၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကြွရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က အေးမြရွှေပြည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဉ္ဇူသကထံ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတ္တို (၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား ဒုတိယဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ယနေ့ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ သတ္တမ အကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားတွင် ပစ္စည်းတန်ဖိုးနှင့် ငွေသားတန်ဖိုး စုစုပေါင်း ကျပ် (၄၃၆၃,၈၀ဝိ/-) ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုး တိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ် ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ် ကျင်းပ သည့် အသုံးချကွန်ပျူတာအဆင့်မြင့်သင်တန်းဖွင့်ပွဲ၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အအေးမျိုးစုံထုတ်လုပ်မှု သင်တန်းဖွင့်ပွဲနှင့် အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်းဆင်း လက်မှတ် ပေးအပ်ပွဲအခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားကို အောက်တိုဘာလ (၃၁)ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ သင်တန်းဆရာများနှင့်သင်တန်းသား/ သူများ တက်ရောက်ကြပါသည်။ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးကြပါသည်။အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်းရင်းသားများလူမှုဘဝမြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ်ခဲ့ရာ ဖွင့်လှစ်ဆောင်ရွက်ပြီးခဲ့သည့် သင်တန်းများအနေဖြင့် ကချင်ပြည်နယ်တွင် အခြေခံစက်ချုပ်သင်တန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် တိုင်းရင်းသား ရိုးရာအစားအစာ ချက်ပြုတ်သင်တန်း၊ ရခိုင်ပြည်နယ်တွင် အိမ်တွင်းလက်မှုသင်တန်း ကျောင်း၌ အခြေခံအိမ်တွင်းမှုသင်တန်း၊ အဆင့်မြင့်စက်ချုပ်သင်တန်း၊ ရှမ်းပြည်နယ်တွင် ဝါးလက်မှုအခြေခံသင်တန်း၊ စက်ချုပ်သင်တန်းနှင့် ယခု ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ပျူတာဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာကို တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိပြီး အဆောက်အအုံတည်ဆောက်ပြီးစီးပါက ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ယခုကဲ့သို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အအုံကဲ့သို့ ကျန်ရှိသည့်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း တည်ဆောက် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် IT နည်းပညာများ ထွန်းကားမြင့်မားလာသည်နှင့်အမျှလူမှုစီးပွားရေးတို့မှာလည်း တိုးတက်မြင့်မားလာသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ နည်းပညာများ စဉ်ဆက်မပြတ်တိုးတက်လာသည့်အတွက် မိမိတို့သည်လည်း နည်းပညာနောက်ကို စဉ်ဆက်မပြတ် လေ့လာလိုက်စား ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/သင်တန်းသားများအနေဖြင့် “အသုံးချကွန်ပျူတာ သင်တန်းများ” သင်ယူပြီးဆုံးသည့်အချိန်တွင် တတ်မြောက်ထားသည့်ပညာရပ်များဖြင့် မိမိတို့၏ ရပ်ရွာဒေသသို့ရောက်ရှိပါက လက်တွေ့အသုံးချကြရမည့်အပြင် မိမိတို့ဒေသရှိ တိုင်းရင်းသားလူငယ်များကိုလည်း ပြန်လည်သင်ကြားမျှဝေပေးသွားကြစေလိုပါကြောင်း၊ ထိုမှသာ တိုင်းရင်းသားလူငယ်များ နည်းပညာရပ်များပိုမိုနားလည်တတ်မြောက်ပြီး လူမှုဘဝခေတ်မီတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အိမ်တွင်းမှုသင်တန်းဖြစ်သည့် ရေခဲမုန့်၊ အဖျော်ယမကာနှင့်အအေးအမျိုးမျိုးထုတ်လုပ်မှုသင်တန်းကို တက်ရောက်ကြမည့် သင်တန်း သား/သင်တန်းသူများအနေဖြင့်လည်း မိမိတို့၏ ဒေသများမှ ထွက်ရှိသည့် အခြေခံကုန်ကြမ်းများကိုအသုံးပြုပြီး ကုန်ချောထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသခံတိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိသည့်အပြင် ဒေသတွင်းစီးပွွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာအထောက်အကူ ဖြစ်စေပြီး လူမှုစီးပွားရေးဘဝများလည်း တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ယခုလို သင်တန်းများဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေသည့်အပြင် တစ်ဦးချင်းဝင်ငွေမြင့်မားရေးကိုလည်းအထောက်အကူပြုစေသည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ ပိုမိုတိုးတက် ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေ တိုင်းရင်းသား များအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရန် အိမ်တွင်းမှု သင်တန်းများမှတစ်ဆင့် One Village, One Product အဖြစ် ဒေသထွက်ကုန်များ ပေါ်ထွက်လာစေရန်၊ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လာစေရန်နှင့် ယနေ့ နည်းပညာခေတ်တွင် ကျေးလက်နေတိုင်းရင်းသားများပါ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို မျက်ခြည်မပြတ် သိရှိနားလည်စေရန်၊ မိမိတို့ကျေးလက်ဒေသအတွင်းရှိ အနာဂတ် မျိုးဆက်သစ်များအား ကွန်ပျူတာလက်ဆင့်ကမ်းသင်ကြားပြသနိုင်ရန် ရည်ရွယ်၍ ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် အိမ်တွင်းမှုသင်တန်းကို တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျေးရွာများမှ ထွက်ရှိသည့် အခြေခံကုန်ကြမ်းများကို အသုံးပြုပြီး ကုန်ချောပစ္စည်းများ ပိုမို ထုတ်လုပ်လာနိုင်စေရေး အိမ်တွင်းမှုသင်တန်း (၅)ကြိမ် ကျင်းပပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်း (၁/၂၀၂၂)တွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆု ရရှိသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းနောက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူး ကြပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် ကွန်ပျူတာသင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်တွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် မွန်တိုင်းရင်း သားညီအစ်ကိုမောင်နှမများ တက်ရောက်ကြပါသည်။ ပထမဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နာယက မိဉဉအောင်နှင့် ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်တို့က မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြည်ထောင်စုခန်းမအတွင်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ပြခန်းကို ကြည့်ရှုအားပေးကြပါသည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မွန်လူမျိုးများသည် သမိုင်းအစဉ်အလာကြီးမားပြီး စာပေ၊ ယဉ်ကျေးမှုနှင့်အနုပညာတို့ကို မြတ်နိုးကြသူများဖြစ်သည့်အပြင် စည်းလုံးညီညွတ်မှုရှိသော လူမျိုးတစ်မျိုးဖြစ်ကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)၏ နှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားကို ယခုလို စည်စည်ကားကားသိုက်သိုက်ဝန်းဝန်း ကျင်းပနိုင်ခြင်းသည် စည်းလုံးညီညွတ်ခြင်းသည်အင်အား (Unity is Strength) ဆိုတာတွေ့ရှိ ရပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)ကို ယခုလို နှစ်(၅၀)ထိတိုင်အောင် ရာစုနှစ်ဝက်အဖြစ် တည်တံ့ခိုင်မြဲစေဖို့ ကြိုးစားလက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြပြီး ယခင်နှစ်အဆက်ဆက်တာဝန်ယူခဲ့ကြသည့် တာဝန်ရှိသူများနှင့်ကော်မတီဝင်များအားလုံးကို ဂုဏ်ပြုချီးကျူးလိုပါကြောင်း၊ ယခုလို မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဖွွံ့ဖြိုးတိုးတက်စေဖို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နေကြသည်ကိုတွေ့မြင်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် ပါတီ နိုင်ငံရေးနှင့်ဆက်သွယ်မှုမရှိဘဲ မိမိတို့၏စာပေနှင့်ကျဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် ကိုသာဆောင်ရွက်ကြရမည့်အဖွဲ့အစည်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကိုထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ခြင်း ဖြင့် ပြည်ထောင်စုစိတ်ဓါတ်တိုးတက်ခိုင်မာလာစေရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်မှာ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ မျှော်မှန်းချက်ဖြစ်ပြီး ယင်းမျှော်မှန်းချက်အတိုင်းလည်း အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ထိန်းသိမ်းမြှင့်တင်ရာမှာ လိုအပ်သည့်အကူအညီများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး များမှသော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများမှ တစ်ဆင့်သော်လည်းကောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ရုံးချုပ်)သို့ သော်လည်းကောင်း လိုအပ်သည့်အကူအညီများကို တင်ပြတောင်းခံနိုင်ပါကြောင်း၊ မွန်စာပေ နှင့်ယဉ်ကျေးမှု (ရန်ကုန်)ကို ယခုနှစ် (၅၀)ပြည့် ရွှေရတုမှသည် နောင်ထာဝရ နှစ်ရှည်ထိတိုင် တည်မြဲအောင်တည်ဆောက်ပြီး စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာများဖွံ့ဖြိုး တိုးတက်အောင် အောင်အောင်မြင်မြင်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် ဆုမွန်ကောင်း တောင်းပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းတွင် နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၀) ကျော်သည် စည်းလုံးညီညွတ်မှုရှိရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရှိမှ တိုင်းပြည်ငြိမ်ဝပ်ပိပြားပြီး တိုင်းပြည် အေးချမ်းသာယာမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်အေးချမ်းသာယာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးနှင့် အေးချမ်းသာယာမှုမှသည် ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းဦးတည်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကား ပြောကြားရာတွင် လူမျိုးတစ်မျိုး တည်တံ့ခိုင်မြဲဖို့သည် ဘာသာ၊ စကား၊ စာပေ တို့မပျောက်ပျက်ရန် အလွန်အရေးကြီးပါကြောင်း၊ စကား၊ စာပေ ပျောက်ကွယ်လျှင် လူမျိုးပါပျောက်ကွယ် သွားမည်ဖြစ်ပြီး မိမိတို့လူမျိုးမပျောက်ပျက်စေရန် ဘာသာစကား၊ စာပေနှင့်ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် အရေးကြီးလှပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) ဂုဏ်ထူးဆောင်နာယက နိုင်ချစ်ဖေက ဝမ်းမြောက်စကားပြောကြားပြီး မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က ရွှေရတုသဘင်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။၎င်းနောက် ပြည်ထောင်စုဝန်ကြီးက မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်) နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဒေါက်တာမင်းခင်စိန်တို့က ၁၉၇၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်(၅၀)အတွင်း မွန်စာပေနှင့်ယဉ်ကျေးမှု (ရန်ကုန်)တွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူး ခဲ့ပါသည်။ ထို့နောက် မွန်ယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်